International News

CLMV နိုင်ငံများ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍ အလားအလာအပေါ် အောက်စ်ဖို့ဒ်စီးပွားရေးမှ ခန့်မှန်းချက်ထုတ်ပြန်

Last Updated:

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများ၏ အထည်အလိပ် လုပ်ငန်း အလားအလာနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် အနီးကပ်ကာလအတွက် ခြိမ်းခြောက်မှုရှိနေပြီး အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ အထည်ချုပ် ကဏ္ဍအပေါ် ပို၍ခြိမ်းခြောက်မှုရှိနိုင်သည်ဟု Oxford Economics က ခန့်မှန်းထားသည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ကန့်သတ် ပိတ်ဆို့မှုများသည် CLMV နိုင်ငံများတွင် ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့မှုတို့အပေါ် များစွာသက်ရောက်မှုရှိသည်ဟု Oxford Economics ၏ အာရှစီးပွားရေးပညာရှင် Sian Fenner က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ အထည်ချုပ် လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းများ၏ ၅၅ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံမှဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အစောပိုင်းက တရုတ်နိုင်ငံ၏ စက်ရုံများ ပိတ်သိမ်းထားရမှု ကြောင့် အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ယင်းနိုင်ငံများ၌ ကပ်ရောဂါကြောင့် ဆိုးရွားစွာထိခိုက်ခဲ့ရသည့် ကဏ္ဍများအနက်တစ်ခုဖြစ်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံမှပို့ကုန်၏ ၆၆ ရာခိုင်နှုန်းကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်ရရှိနေသည့် အဝတ်အထည်လုပ်ငန်းမှ တင်ပို့ခြင်းဖြစ်ရာ ကမ္ဘောဒီးယားအနေဖြင့် CMLV စီးပွားရေးနှေးကွေးမှု၏ဒဏ်ကို ခံစားရနိုင်ကြောင်း ခန့်မှန်းထားခြင်းဖြစ်သည်။ FDI စီးဝင်မှုသည် ယခုနှစ်တွင် သိသိသာသာကျဆင်းနိုင်ပြီး၊  ကမ္ဘာတစ်ဝန်း အဝတ်အထည်ဝယ်လိုအား လျော့နည်းနေခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအပေါ် အီးယူ၏ Everything But Arms အစီအစဉ်တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းမှုတို့ကြောင့် ၂၀၂၁ ခုနှစ်တွင် ပြန်လည်နာလန်ထူလာနိုင်မှုသည်လည်း အားနည်းနိုင် ကြောင်း Fenner ၏ ခန့်မှန်းချက်အရ သိရသည်။

သို့သော် CLMV နိုင်ငံများသည် အာဆီယံဒေသအတွင်း၌ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ထက် စီးပွားရေးတိုးတက်မှု ပို၍အားကောင်းနိုင်သည့် အခြေအနေရှိနေဆဲ ဖြစ်ကြောင်း၊ ၂၀၂၀ မှ ၂၀၂၈ ကာလအထိ CLMV အုပ်စု၏ စီးပွားရေးသည် ပျမ်းမျှအားဖြင့် ၅ ဒသမ ၁ ရာခိုင်နှုန်းဖြင့် တိုးတက်နိုင်ကြောင်းနှင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ (ASEAN-5) ၏ စီးပွားရေးတိုးတက်နှုန်းမှာ ပျမ်းမျှ ၄ ရာခိုင်နှုန်းရှိမည်ဟု Oxford Economics က ခန့်မှန်းထားကြောင်းသိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် -  (https://en.vietnamplus.vn)

 

 

 

Category: International News